Phobia နှင့် အသက်ရှင်နေထိုင်နည်း
Phobia ဆိုတာ သာမန်ထက်ပိုလွန်ကဲတဲ့ အကြောက်လွန်ရောဂါတစ်မျိုးဖြစ်ပြီး သူ့သတ်မှတ်ထားတဲ့ သတ္တဝါ၊ အရာဝတ္ထု၊ အခြေအနေ၊ ဖြစ်ရပ်နဲ့ ကြုံလာရတဲ့အခါ၊ တွေးမိတဲ့အခါ Trigger အနေနဲ့ အကြောက်လွန်လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။
အကြောက်လွန်ရောဂါဆိုပေမယ့် တကယ်တမ်းမှာ စိတ်ကျန်းမာရေးပြဿနာတစ်ခုလို့သာ သတ်မှတ်ထားပြီး ကိုယ်ကြောက်တဲ့အရာကလွဲရင် ပုံမှန်အချိန်တွေမှာ သာမန်လူတွေအတိုင်း နေထိုင်သွားလာနိုင်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။
မဖြစ်မနေကုသဖို့ လိုအပ်သလား
ဒါကတော့ အခြေအနေပေါ် မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ ကိုယ့်ရဲ့ Phobia က ကောင်းကောင်းထိန်းချုပ်လို့ရတဲ့ အခြေအနေမှာရှိတယ်၊ အဖြစ်နည်းတဲ့ Phobia အမျိုးအစားပဲ ကိုယ့်ဆီမှာရှိတယ်၊ ဒါမှမဟုတ် သူ့ရဲ့နောက်ဆက်တွဲလက္ခဏာတွေက ကိုယ့်ရဲ့တစ်နေ့တာကို ထိခိုက်စေတာမျိုး မရှိဘူးဆိုရင် မဖြစ်မနေကုသဖို့ မလိုအပ်ပါဘူး။
Phobia ဘယ်နှစ်မျိုးရှိလဲ
လက်ရှိအထိ စစ်တမ်းများအရ Phobia အမျိုးအစား (၄၀၀) နဲ့အထက်ရှိပြီး ရှာဖွေတွေ့ရှိခြင်းမရှိသေးတဲ့ အမျိုးအစားတွေလည်း အများကြီးရှိတယ်လို့ သုတေသီတွေက ဆိုထားကြပါတယ်။ တကယ်တမ်းမှာ Phobia ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လိုအရာမျိုးမဆို၊ ဘယ်လိုဖြစ်ရပ်မျိုးမှာမဆို ဖြစ်ပေါ်နိုင်ပြီး တစ်ယောက်နဲ့တစ်ယောက်တော့ ရှိတဲ့ Phobia ချင်း တူချင်မှတူမှာပါ။
Phobia ကို ဘယ်လိုထိန်းချုပ်လို့ရမလဲ
၁။ ကုသနည်း
Psychotherapy လိုမျိုး စိတ်ကုထုံးတွေဟာ စိတ်ပညာရှင်၊ စိတ်ရောဂါကုဆရာဝန်တွေရဲ့ အသုံးအများဆုံး ကုထုံးနည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီကုထုံးတွေထဲမှာဆိုရင်
- ကိုယ်ကြောက်ရွံ့တဲ့အရာတွေကို အတိုင်းအတာတစ်ခုအထိ လက်တွေ့ ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် ကိုယ့်ရဲ့ Phobia ကို ပြေပျောက်စေတဲ့ Exposure Therapy
- တွေးခေါ်မှုနဲ့ နောက်ဆက်တွဲလုပ်ရပ်တွေကို ထိန်းချုပ်ပေးပြီး ကိုယ်ကြောက်ရွံ့တဲ့အရာတွေအပေါ် စိတ်ပိုင်းဆိုင်ရာအရ အနိုင်ယူတတ်စေဖို့ လေ့ကျင့်ပေးတဲ့ CBT Therapy ဆိုပြီး အသုံးများပါတယ်။
၂။ သောက်ဆေးပေးခြင်း
များသောအားဖြင့် Phobia အတွက် သောက်ဆေးပေးတာရှားပါတယ်။ ဒါပေမယ့် လူနာရဲ့ကြောက်စိတ်၊ စိုးရိမ်လွန်ကဲတဲ့စိတ်တွေဟာ အသက်အန္တရာယ်ရှိတဲ့အခြေအနေ၊ ပြင်းထန်တဲ့အခြေအနေမျိုးမှာဆိုရင်တော့ Beta Blockers, Sedatives တွေလို သောက်ဆေးတွေကို ပေးလေ့ရှိပါတယ်။
၃။ မိသားစုတွေရဲ့ အကူအညီကို ရယူခြင်း
မိသားစုတွေဘက်ကနေ ကိုယ့်ရဲ့ Phobia ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြဖို့၊ ဒီအခြေအနေရှိတာကို လက်သင့်ခံနိုင်ဖို့နဲ့ ကြောက်ရွံ့စိတ်တွေအတွက် အတူရင်ဆိုင်နိုင်မယ့်အကြောင်း အားပေးစကားပြောပေးဖို့ လိုအပ်ပါတယ်။ ဒီလိုစိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ ဘေးနားက ကူညီပေးမယ့် မိသားစုတွေရှိရင် ထိန်းချုပ်ဖို့၊ ကုသဖို့အတွက်လည်း အရမ်းကို သက်သောင့်သက်သာဖြစ်စေပါတယ်။
Phobia တိုင်းနီးပါးက ကုသလို့ရသလို အမှန်တကယ်ကုသမယ်ဆိုရင်လည်း သင့်ရဲ့ Phobia က ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် အရမ်းဆိုးရွားနေတာမဟုတ်ရင် ကုသဖို့ မလိုအပ်ပါဘူး။ Phobia ပြဿနာရှိသူတိုင်း သိထားသင့်တာတွေကတော့
၁။ Phobia ရှိခြင်းဟာ ရှက်စရာကိစ္စမဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ်ကြောက်ရွံ့ထိတ်လန့်ရတဲ့ အရာတစ်ခုမဟုတ်၊ တစ်ခုတော့ရှိနေနိုင်ပါတယ်။ ကိုယ့်လိုပဲ ဒီကမ္ဘာပေါ်မှာ အကြောက်တရားတူနေတဲ့သူတွေ အများကြီးရှိပါတယ်။
၂။ ကိုယ်က ဘာကိုကြောက်တတ်လဲဆိုတာ သိထားရင် အဲဒီကြောက်တဲ့အရာကို တတ်နိုင်သလောက်ရှောင်ပါ။ ထိပ်တိုက်ရင်ဆိုင်လာရတဲ့အခါ ကိုယ့်စိတ်ကိုသေချာထိန်းပြီး နောက်ဆက်တွဲ ဘယ်လိုဖြေရှင်းရမလဲဆိုတာ အမြန်စဉ်းစားပါ။
၃။ ကိုယ်တစ်ယောက် ဖြေရှင်းလို့မရဘူးဆိုရင် ဆရာဝန်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီ၊ ကုထုံးတွေကို ရယူပါ။
၄။ မိသားစု၊ မိတ်ဆွေတွေကို ကိုယ့်ပြဿနာနဲ့ပတ်သက်လို့ ရင်ဖွင့်တိုင်ပင်ပါ။ ကိုယ်တစ်ယောက်တည်း ကျိတ်မှိတ်မျိုသိပ်ထားတာမျိုး မလုပ်ပါနဲ့။
၅။ ကိုယ့် Phobia ကို အလွယ်တကူထိန်းချုပ်မရနိုင်တဲ့အခါ စိတ်မညစ်ပါနဲ့။ စိတ်ကျန်းမာရေးပြဿနာတွေဟာ အလွယ်ကုသလို့မရသလို အချိန်တိုအတွင်း ပျောက်တာလည်း ရှားပါတယ်။ စိတ်ရှည်ရှည်နဲ့ အချိန်ကြာကြာ ကုသထိန်းချုပ်ရမှာဖြစ်လို့ ဒါကို သိထားဖို့ အရေးကြီးပါတယ်။
သင့်မှာ Phobia ပြဿနာရှိရင် အကောင်းဆုံးက နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ကုသမှုတွေကို စောစီးစွာ ခံယူလိုက်ပါ။
ရဲမျိုးမြတ်